မော်စကိုမြို့က တိုက်ခန်းတစ်ခုမှာ အတူနေကြတဲ့ လူငယ် ၃ ယောက်... စိတ်ကျန်းမာရေး ချို့ယွင်းနေတဲ့ သူငယ်ချင်းဖြစ်သူရဲ့ ဦးလေးကြီးကို ၁၀ ရက်တိုင်တိုင်စောင့်ရှောက်ပြုစုရင်း ဘဝရဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားကြပုံကို ရိုက်ကူးထားတဲ့ ရုရှား Comedy / Drama ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ရုရှားရဲ့ ဂန္ထဝင် မင်းသားကြီး Konstantin Khabenskiy နဲ့အတူ မင်းသား Denis Paramonov၊ Kuzma Kotrelev တို့က အဓိက ပါဝင်ထားကြပါတယ်။ဇာတ်လမ်းကတော့ မော်စကိုမြို့က တိုက်ခန်းတစ်ခန်းထဲမှာ အတူတူ နေထိုင်ကြတဲ့ လူငယ် ၃ ယောက်အကြောင်းကနေ စတင်ထားတာပါ။ သူတို့ဟာ သာမန်အတိုင်းပဲ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေကြပေမဲ့... တစ်နေ့မှာတော့ သူတို့ထဲက တစ်ယောက်ရဲ့ ဦးလေးဖြစ်သူ "ယူရာ" ဆိုသူကို ၁၀ ရက်တိုင်တိုင် မဖြစ်မနေ စောင့်ရှောက်ပေးရမယ့် တာဝန်ကြီး ကျရောက်လာခဲ့ပါတော့တယ်။ဦးလေး ယူရာဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူဖြစ်တာကြောင့်... ကလေးတစ်ယောက်လို ပြုမူတတ်ပြီး လူငယ် ၃ ယောက်ရဲ့ ပုံမှန် ဘဝတွေကို လုံးဝ ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ယူရာ ရဲ့ ထူးဆန်းလှတဲ့ အပြုအမူတွေ၊ ပြဿနာ ရှာမှုတွေကြားမှာ လူငယ် ၃ ယောက်ဟာ သူတို့ မသိခဲ့ဖူးတဲ့ စာနာသနားမှုနဲ့ စစ်မှန်တဲ့ သံယောဇဉ်တရားကို တွေ့ရှိသွားကြပုံကို ပေါ့ပါးလေး ခံစားရမှာ ဖြစ်ပါတယ်။