၂၀၁၀ခုနှစ်မှာထွက်ရှိခဲ့တဲ့ မင်းသားကြီး Donnie Yen နဲ့ မင်းသမီးကြီး Shu Qiတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၂၀ကျော်ခုနှစ်တွေမှာ ရှန်ဟိုင်းမြို့ရဲ့ အမှောင်ဩဇာလွှမ်းမိုးမှုတွေနဲ့ ဂျပန်ကျူးကျော်မှုတွေကို မျက်နှာဖုံးသူရဲကောင်းတစ်ယောက် တော်လှန်ဖြိုခွင်းသွားမယ့် ကွန်ဖူးအက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပထမကမ္ဘာစစ်အတွင်း ပြင်သစ်တိုက်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့ပြီးသေဆုံးသွားပြီလို့အများကထင်နေတဲ့ ကျင်းဝူဂိုဏ်းရဲ့ကွန်ဖူးပညာရှင် ချန်ကျန်း(Donnie Yen)ဟာ ရှန်ဟိုင်းမြို့ဆီသို့ ချီထျန်းယွမ်ဆိုတဲ့နာမည်တစ်ခုနဲ့အတူ လူငယ်စီးပွားရေးသမားတစ်ယောက်အဖြစ် ပြန်ရောက်ရှိလို့လာပါတယ်။ သူဟာ ရှန်ဟိုင်းမြို့ရဲ့သတင်းအချက်အလက်တွေ စုဝေးရာဖြစ်တဲ့ ကက်ဆာဘလန်ကာဆိုတဲ့ညကလပ်ကိုဝင်ရောက်ပြီး ကလပ်ပိုင်ရှင် လျိုယွီထျန်းနဲ့ ဂျပန်စစ်တပ်ကြားက လျှို့ဝှက်ဆက်သွယ်မှုတွေကို တိတ်တဆိတ်စုံစမ်းနေပါတယ်။ ကလပ်ရဲ့နာမည်ကြီးအကမယ်လေးဖြစ်တဲ့ ကီကီ( Shu Qi)ဟာလဲ ချီထျန်းယွမ်ရဲ့သရုပ်မှန်ကိုစုံစမ်းနိုင်ဖို့ သူ့အနားကိုချဉ်းကပ်လာပါတယ်။ အမှန်တကယ်ကတော့ ချီထျန်းယွမ်ဟာ ရဲအရာရှိဟွမ်ဟောက်လုံရဲ့သတင်းပေးချက်အရ ဂျပန်စစ်တပ်ရဲ့ အလွန်ရက်စက်လှတဲ့ လုပ်ကြံရေးအဖွဲ့ကိုချေမှုန်းဖို့ရာ စေလွှတ်ခံရတဲ့သူပဲဖြစ်နေပါတယ်။ မျိုးချစ်စိတ်နဲ့ အတိတ်ကနာကျည်းချက်တွေ ရင်ထဲမှာတောက်လောင်လာတဲ့အခါမှာတော့ ချန်ကျန်းဟာ လွန်ခဲ့တဲ့နှစ်တွေတိုက်ပွဲလိုပဲ အန္တရာယ်မီးတွေဝန်းရံနေတဲ့ ဂျပန်စစ်ဌာနချုပ်ထဲကို တစ်ကိုယ်တော်ပြန်လည်ဝင်ရောက်သွားပါတော့တယ်။