ဖဲဝိဇ္ဇာ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများအတွက် နာမည်ကျော် Tazza Series ရဲ့ နောက်ဆုံးပိတ် အတွဲ (၄) ဖြစ်တဲ့ "Tazza: The Song of Beelzebub" ရုပ်ရှင်ကားလေး ထွက်ရှိလာပါပြီ။ Black Out ထဲက မင်းသား Byun Yo-Han, Squid Game ထဲက မင်းသား Roh Jae-Won, Alice in Borderland ထဲက ဂျပန်မင်းသမီးချော Miyoshi Ayaka, အရန်မင်းသားကြီး Jo Woo-Jin , Yoon Kyung-Ho အစရှိတဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်ကြတဲ့ မွေးရာပါကံကောင်းသူ ဂျန်ထယ်ယောင်း (Byun Yo-Han) နဲ့ ဉာဏ်၊ လုံ့လဝီရိယကိုသာ အားပြုနေရသူ ဘတ်ထယ်ယောင်း (Roh Jae-Won) တို့နှစ်ဦးဟာ အွန်လိုင်းကာစီနိုလောကမှာ အတူတကွ အောင်မြင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ လူအများက ကံကောင်းတဲ့ ဂျန်ထယ်ယောင်း တစ်ဦးတည်းကိုပဲ ကွက်ပြီး ချီးမွမ်းနေကြတဲ့အခါ ရင်ထဲမှာ မနာလိုစိတ်တွေ တိတ်တဆိတ် အမြစ်တွယ်လာတဲ့ ဘတ်ထယ်ယောင်းက ဗီယက်နမ် အလုပ်ခရီးစဉ်အတွင်းမှာ ဂျန်ထယ်ယောင်းကို အပြတ်ရှင်းပစ်ဖို့ ကြံစည်ပါတော့တယ်။ ငယ်စဉ်ကတည်းက ကံကောင်းလာတဲ့သူဖြစ်တာကြောင့် အသက်ဘေးက သီသီလေးလွတ်မြောက်သွားတဲ့ ဂျန်ထယ်ယောင်းဟာ အကျော်အမော် ဖဲဝိဇ္ဇာကြီး ဂွက်ဒုံဝု (Jo Woo-Jin) ဆီမှာ ပိုကာပညာကို စနစ်တကျ သင်ယူပြီးနောက် ယာကူဇာဂိုဏ်း နောက်ခံရှိတဲ့ ဂါနဲခို (Miyoshi Ayaka) ဦးဆောင်စီစဉ်တဲ့ နိုင်ငံတကာ လောင်းကစားဝိုင်းကြီးမှာ သစ္စာဖောက်သူငယ်ချင်း ဘတ်ထယ်ယောင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ... နာမည်ချင်းတူပေမဲ့ ကံကြမ္မာချင်း ကွာခြားတဲ့ သူငယ်ချင်းဟောင်းနှစ်ယောက်ရဲ့ လောင်းကစားဝိုင်းထက်က အားပြိုင်ပွဲကြီးမှာ ကံတရားကပဲ ထပ်ပြီး အနိုင်ယူသွားမလား.. ဉာဏ်ပညာကပဲ အသာစီးရသွားမလားဆိုတာကို လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး။